Monday, 6 August 2012

မြန်မာပဲထမင်းကြော်လေး လုပ်စားရအောင်။

ဒါလေးကတော့ အိမ်မှာ အမြဲ ကြော်စားဖြစ်တဲ့ ပဲထမင်းကြော်လေးဖြစ်ပါတယ်။ ပရိတ်သတ်ကြီး ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ချက်စားကြနော် :)

Thursday, 21 June 2012

Priceline Goody Bag

စာဖတ်သူအားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့တော့ Goody Bag လေးအကြောင်းကိုတင်ပြချင်တာပါ။ အိမ်နားလေးက Priceline မှာ $50 ဖိုး Skin Care Product ၀ယ်ရင် $220 တန်ဖိုးရှိတဲ့ လက်ဆောင်အိတ်လေး ရမှာဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းပဲ အဲ့ဒီ့အစီအစဉ်လေးပြုလုပ်မှာမို့ ဒီနေ့ပဲအပြေးလေး ဆိုင်ကိုအရောက်သွားဖြစ်ခဲ့ပါတယ်။ 
$50ဖိုး နန္ဒာဝယ်ခဲ့တဲ့ပစ္စည်းလေးတွေပါ။
ဒါကလက်ဆောင်ရတဲ့ $220 တန်ဖိုးရှိ Skin Care Products တွေပါ
အရမ်းကိုတန်တာပဲနော်။ အခုရတဲ့လက်ဆောင်ပစ္စည်းတွေ မြန်မာပြည်ပြန်တဲ့အခါ ဆွေမျိုးပဲဖြစ်ဖြစ် မိတ်ဆွေ သူငယ်ချင်းပဲဖြစ်ဖြစ် လက်ဆောင်ပြန်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ သူငယ်ချင်းတို့လဲ ကြော်ငြာစာရွက်လေးတွေဖြစ်ဖြစ် လက်ကမ်းစာစောင်လေးတွေပဲဖြစ်ဖြစ်တွေ့တဲ့အခါ ဂ၇ုစိုက်ပြီးဖတ်ကြည့်ပါ။ အခုလို ဈေးချတဲ့ ပစ္စည်းလေးတွေက နေရာအနှံ့မှာတွေ့တတ်တဲ့အကြောင်းပြောရင်း ဒီပိုစ့်လေးကို နိဂုံးချုပ်ပါတယ်။ 
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေရှင်။

Wednesday, 9 May 2012

Myanmar Food: "Stir Fried Noodle"


ချက်ရတာ လွယ်ကူပြီး စားလို့လဲ အရမ်းအရသာရှိတဲ့ ခေါက်ဆွဲကြော်လေးကို လာရောက်အားပေးကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

Saturday, 21 April 2012

Bibimbap

အားလုံးပဲမင်္ဂလာပါရှင် ဒီနေ့တော့ မိုးအေးအေးလေးနဲ့ အိမ်မှာ ကိုရီးယားထမင်းသုပ် လုပ်စားဖြစ်ပါတယ်။ အဲ့ဒါကို ဗီဒီယိုလေးလုပ်ထားတာကို အားပေးကြပါဦး။

Friday, 20 April 2012

New Post yay

အားလုံးပဲ မင်္ဂလာပါ အခုလို အကြာကြီးဘလော့ မရေးပဲ ပျောက်နေတဲ့အကြောင်းကတော့ ကွန်ပျူတာက ဘာဖြစ်လို့လဲ မသိဘူး ဓာတ်ပုံတင်လို့မရဘူးဖြစ်သွားလို့ အခုတော့ ပြန်ကောင်းသွားပြီ ပြင်တောင်မပြင်လိုက်ရဘူး။ အိမ်မှာဘာမှလုပ်စရာမရှိလို့ အားနေတာနဲ့ ဗွီဒီယိုလေးတစ်ခုလုပ်ထားသေးတယ်။



အားလုံးပဲနေကောင်းကြတယ်ဟုတ်။ နန္ဒာတော့ နေမကောင်းဘူး အံဆုံးပေါက်ပြီး သွားတွေ အရမ်းကိုက်နေလို့ ဆေးသောက်နေရတယ်။ ခုထိလဲမပျောက်သေးဘူး အိပ်နေရင်ပိုဆိုးလို့ အစာမာမာတွေလဲ မစားနိုင်ဘူး ဒိန်ချဉ်နဲ့ ငှက်ပျောသီးစားပြီး ရေများများသောက်နေရတယ်။ အဲ့လိုစားရင် သက်သာမလား ထင်လို့။ ဗွီဒီယိုလေးကို ကြိုက်ကြမယ်ထင်ပါတယ် နောက်ဆို ပိုစ့်တွေအများကြီး ရေးမယ်နော်။

Sunday, 8 January 2012

ကျွန်မရဲ့တစ်နေ့တာ


မနက်ဘက်အလုပ်မသွားတဲ့နေ့တွေဆိုရင် ညဘက် ၁၁နာရီလောက်  ပုံမှန်အိပ်ပါတယ် ပြီးတော့ ၈နာရီထိုးမှထတယ်။ အဲ ၈နာရီထိုးဆိုပေမယ့် မေမေက မနက် ၇နာရီလောက်ဆိုရင် အခန်းတံခါးကိုဖွင့်ပြီး သမီးရေ ၈နာရီထိုးတော့မယ် ဆိုပြီး ညာညာနှိုးလို့ ၇နာရီဆို ပုန်မှန်အိပ်ယာထလေ့ရှိပါတယ်။ မနက်အလုပ်ရှိတဲ့နေ့တွေ့ဆိုရင်တော့ ညဘက်ထဲက နှိုးစက်ကို မနက် ၅နာရီခွဲလုပ်ထားရတယ် အလုပ်က ပုံမှန် မနက် ၆နာရီစရတယ်။ စနေတနင်္ဂနွေပဲ အလုပ်လုပ်ရတာများတယ် ကျန်တဲ့အချိန်တွေက သူတို့ခေါ်ချင်တဲ့အချိန်ခေါ်တာပါ။ အလုပ်ရှိတဲ့နေ့ဆို နှိုးစက် ၅ခွဲမြည်တာနဲ့ ငေါက်ကနဲ ထထိုင် မျက်နှာသစ် သွားတိုက် မျက်ကပ်မှန်တပ် အလုပ်အ၀တ်အစားလဲ ဘုရားရှိခိုး ဖိနပ်စီးပြီး သွားတယ် အဲ့ဒါ အလုပ်သွားတဲ့မနက်တိုင်းပုံမှန်ပဲ လူက သံပတ်ပေးထားတဲ့ အရုပ်တစ်ရုပ်လို တစ်ယောက်ထဲ အစီအစဉ်တကျ လုပ်လေ့ရှိတယ်။
အလုပ်မသွားရတဲ့နေ့ဒီနေ့လိုဆိုရင်တော့ ဘာမှမလုပ်ဘူး ဟိ။ မေမေက ဖေဖေအလုပ် ၆နာရီခွဲသွားကတည်းက ထတော့ ကျွန်မတို့အတွက် မနက်စာပြင်ဆင်ပေးပြီးနေပြီ။ ၇နာရီလောက်ဆို သမီးတို့ရေ ထတော့ ၈နာရီထိုးတော့မယ်။ အဲ့ကျရင်ပထမဆုံးလုပ်တာက ခေါင်းအုန်းအောက်က ဖုန်းကို ယူပြီးတော့ facebook မှာ သူငယ်ချင်းတွေဘာတွေလုပ်ကြလဲ ကြည့်ပါတယ် facebook က ညမအိပ်ခင်လဲ ကြည့်တယ် သူများဓာတ်ပုံတွေ ကြည့်ရတာဝါသနာပါလို့ (အမှန်က စပ်စုတာပါ)။ ပြီးမှ မျက်နှာသစ် သွားတိုက် မျက်ကပ်မှန်တော့မတပ်တော့ဘူး အလုပ်သွားမှတပ်တာ အိမ်မှာမျက်မှန်ပဲတပ်တယ်။ ပြီးတာနဲ့ မေမေပြင်ပေးတဲ့ နန်းကြီးသုပ်စားတယ် မေမေ့နန်းကြီးသုပ်က ဒီတစ်သက် အရသာအရှိဆုံးပဲ။ 
မေမေ့ရဲ့နန်းကြီးသုပ်

ရန်ကုန်မှာနေတုန်းကတော့ မနက်စာကို ဆိုင်က အသုပ်စုံဝယ်စားတယ်။ ဒီရောက်တော့ မေမေက ထမင်းကြော်သို့မဟုတ် စားချင်တာလုပ်ပေးတယ်။ အလုပ်သွားတဲ့နေ့တွေဆိုရင် မနက်စာ ငတ်တာများပါတယ်။ အလုပ်က ၁၀နာရီခွဲမှ Break Time ရတာဆိုတော့ နေ့လည်စာနဲ့ပေါင်းစားတယ် (အဲ့လိုတော့ စာဖတ်သူတို့မထင်လိုက်ပါနဲ့) အိမ်ပြန်ရောက်တော့ ၂နာရီထိုးလဲ မေမေချက်ထားတဲ့ထမင်းကို နေ့လည်စာ အားရပါးရစားပါသေးတယ်။ 
မေမေလုပ်ပေးတဲ့ ထမင်းသုပ်နဲ့ ငါးဆုပ်ဟင်း

ဒါကြောင့်မို့လားမသိဘူး ညီမအလတ်က နင်က မေမေဈေးသွားရင်တော့ ပိုက်ဆံကုန်တယ်လေးဘာလေးနဲ့တဲ့ သူပဲစားတာတဲ့။ သူကျတော့ ပိုက်ဆံကုန်မှာဆိုးလို့ အပြင်မှာမစားပဲ အိမ်ရောက်မှ သဖြဲနဖြဲစားတာလို့ပြောပါတယ် ဟဲဟဲ။ သူပြောလဲ ပြုံးပြုံးပဲ ဟုတ်တဲ့ဟာလဲ ဟုတ်ပါတယ် မဟုတ်တဲ့ဟာတော့မဟုတ်ဘူး ကျွန်မက အပြင်စာတွေစားရတာ မကြိုက်ဘူး မေမေချက်တဲ့ထမင်းနဲ့ဟင်းပဲကြိုက်တာ အိမ်ထောင်ပြုပြီးရင်တော့ မေမေ့ဆီမှာ ချိုင့်ဆွဲစားဖို့ အစီအစဉ်ရှိပါတယ်။ နေ့လည်စာကို မေမေ့အိမ်မှာစားရတာအကြိုက်ဆုံးပါ။ အနီးနားတစ်ဝိုက်မှာစားရင်လဲ Bus က မရှိတော့ ကားမောင်းသွားရမှာ ပျင်းလို့ အပြင်ထွက်မစားပါဘူး (ပိုက်ဆံချွေတာ တာလဲ ပါပါတယ်)

အခုလက်ရှိအစားချင်ဆုံးဟင်းတွေက မြန်မာပြည်က ပုစွန်ဟင်းကိုစားချင်တယ် ပုစွန်အသေးလေးတွေကို ချက်တာလေ။ ရန်ကုန်ပြန်တုန်းကတော့ စားခဲ့တယ် ဆိုင်မှာဝယ်စားခဲ့တာဆိုတော့ မေမေချက်သလောက်မကောင်းဘူး။ ပြီးတော့ ကင်ပွန်းချဉ်ရွက် အချည်ရည်၊ ပုန်းရည်ကြီးသုပ်၊ အဘွားချက်တဲ့ ငါးမြစ်ချင်းဟင်း။ ရွှေရှမ်းလေးက ရှမ်းခေါက်ဆွဲ ဆန်စည်းတို့ဟူးနွေး အမလေး ပြောရင်းနဲ့ သွားရည်ယိုလာပြီ ဆက်ပြောရင် အများကြီးကျန်သေးတယ်။
ကျွန်မက ကော်ဖီသိပ်မကြိုက်ဘူး ကော်ဖီနဲ့လဲ သိပ်မတည့်ဘူး ကျောင်းဖွင့်ရက်တစ်ရက်တုန်းက ညီမလေးက ဒီကျောင်းက ကော်ဖီအရမ်းကောင်းတယ်ဆိုလို့ “Soil Cappcino With White Chocalate” အဲ့ဒါသောက်လိုက်တာ တစ်နေ့လုံး တစ်ကိုယ်လုံး တုန်ရီပြီး ခေါင်းတွေရီဝေနေလို့ နောက်မသောက်ရဲတော့ဘူး အဲ့ဒါ မမှတ်သေးပါဘူး ဟိုတစ်လောက ထပ်ဝယ်သောက်သေးတယ် အဲ့လိုပဲဖြစ်လို့ ရင်တွေတလှပ်လှပ် ရင်ခုန်တယ်ဆိုတာ ဒါကိုပြောတာနေမှာ။ ကော်ဖီတင်မဟုတ်ပါဘူး လက်ဖက်ရည်လဲ မကြိုက်ဘူး ပူတာဆိုဘာမှမကြိုက်ဘူး ထမင်းစားရင်တောင် အအေးခံပြီးမှ စားလေ့ရှိတာ။ အလုပ်မှာဆိုရင်တော့ Coffee Frappe သောက်တယ် အဲ့ဒါတော့ကြိုက်တယ် ဒါပေမယ့် Regular size ၀ယ်သောက်တာ မကုန်ဘူး ၂ဂွတ် လောက်သောက်ပြီးရင် သောက်တော့ဘူး ၀မှာဆိုးလို့။ အလုပ်မှာဆို “McOz Burger” ၀ယ်စားဖြစ်တယ် အဲ့ဒါက “Toasted 4.5” Bun with Kethup, Mustard, large Onion, lettuce, tomato, beetroot, cheese and beef patties” အရမ်းကိုကြိုက်ပါတယ်။ အဲ့ဒါတွေစားလို့လားမသိဘူး ၀လာသလိုလိုပဲ။
ညနေစာကို အိမ်မှာပဲစားဖြစ်တယ် ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တဲ့အကြောင်းအရာက ချစ်သူလေးနဲ့ ထမင်းလက်ဆုံ နောက်တစ်ခေါက်လောက်ဖြစ်ဖြစ် စားချင်လိုက်တာ…!_!
အလုပ်ဆင်းတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်က ဟေး…အိမ်ပြန်ရတော့မယ်ကွ။ အိမ်ပြန်ရောက်ရောက်ချင်း အလုပ်ဖိနပ်ကိုချွတ်ပါတယ်၊ ဒုတိယကတော့ မေမေရေ ဒီနေ့ဘာဟင်းချက်လဲ……တတိယ အင်္ကျီမလဲပဲ ထမင်းအားရပါးရစားတယ် မေမေက ဟဲ့ ရေချိုးဦးလေတဲ့ မေမေကလဲ ဗိုက်ဆာလို့လို့ မေမေကပြောပါတယ် ငါချက်တဲ့ဟင်းတွေကို အရမ်းကောင်းတယ်လို့ပြောတာ ငါ့သမီးလေးပဲရှိတယ်တဲ့။
ရေမိုးချိုးပြီး ပျင်းရင် Youtube က အလှပြင်တာတွေကြည့်တယ်။ အလှပြင်တာတွေကြည့်တာ ၄နှစ်လောက်ရှိပါပြီ အဲ့တော့ Nandar တို့ အလှတော်တော်ပြင်တတ်နေပြီ ထင်နေမယ်ထင်တယ် မထင်ပါနဲ့ကွယ် အခုထိ ပြင်လိုက်ရင် သရဲပုံပဲထွက်တယ်။ အဲ့ဒါကြည့်ပြီးရတဲ့ အကျိုးကျေးဇူးကတော့ ရသမျှ ၀င်ငွေတွေအကုန် မိတ်ကပ်တွေပဲ ၀ယ်နေလို့ အဆူခံရတယ်။ နှစ်ချုပ်ဝင်ငွေစာရင်း ကြည့်လိုက်ရင် ဂဏန်းတွေကတော့ အများကြီးပဲ ဘဏ်ထဲမှာရှိတာကတော့ သုည အဟင့်အဟင့်။ ကျောင်းလခ ကိုယ့်ဘာကိုယ်တော့ ပေးရတယ် အဲ့ဒါလေးပဲ စာရင်းရှိတယ်။
ည ၇နာရီခွဲတိတိဆို ချစ်သူက အွန်လိုင်းကိုရောက်လာပါတယ်။ သူက အချိန် ဒေါင် ဆိုတာနဲ့ ရောက်နေတတ်တယ်။ ပြီးတော့ ချစ်တဲ့အကြောင်းတွေပြောကြတယ် နီးစပ်ဖို့ပြောကြတယ် ပြီးတော့သူက အိမ်ပြန်သွားရော။ သူပြန်သွားတော့ Youtube ဆက်ကြည့်တယ် ပြီးတော့ အိပ်ယာထဲ ၀င်တယ် မီးပိတ်ပြီးမအိပ်သေးပါဘူး facebook ဆက်ကြည့်ပြန်ရော။ အိပ်မပျော်တဲ့ညတွေဆိုရင် အိပ်ယာပေါ် ဟိုဘက်လှိမ့် ဒီဘက်လှိမ့်နဲ့ အိပ်မပျော်တဲ့ညကတော့ သိပ်တော့မရှိဘူး ဗိုက်ဆာတဲ့အချိန်ဆိုအိပ်မပျော်ဘူး ဟဲဟဲ အဲ့ကျရင် အိပ်ယာက ထပြီး ဗိုက်ကို ဖြည့်လိုက်တယ် ပြီးတော့ ပြန်အိပ်တော့ အိပ်ပျော်သွားတာ မိုးလင်းတဲ့ထိပဲ။
အပြင်သွားတဲ့အခါ သတိထားပြီးယူတတ်တာ ကားလိုင်စင်ပါ။
တအားစိတ်ညစ်တဲ့အချိန်ဆိုတာ မေမေဆူတဲ့အချိန်နဲ့ ကျောင်းမှာ အချိန်မှီ Assignment မပြီးတာ အဲ့နှစ်ခုက အဆိုးဆုံးပဲ အဲ့လိုအချိန်ဆိုရင် ကျောင်းကိုရောက်သွားတာနဲ့ ရထားပြန်စီးပြီး City ကိုသွား မိတ်ကပ်တွေ တ၀ကြီးဝယ်ပစ်လိုက်တယ်။ ရင်ထဲမှာပေါ့သွားတာပဲ။ 
အကြိုက်ဆုံး ဆံပင်ဖြောင့်စက်
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသူက မေမေက ပြီးတော့ ညီမလေး ၂ယောက် ဖေဖေ့ကိုတော့မချစ်ဘူး ဂျီကျလို့။ သူစိမ်းတွေအထဲမှာ အယုံကြည့်ဆုံးသူက တစ်ယောက်မှမရှိဘူး ကိုယ်ကတော့ သူငယ်ချင်းဆိုပြီး ကိုယ့်အကြောင်းလေးရင်ဖွင့်တာ သူက သူ့အမေကို ပြန်ပြောတော့ သူ့အမေဆီကနေ မေမေ့ဆီပြန်ရောက်တာပေါ့ ဒါကြောင့် ဘယ်သူ့မှမယုံတော့ဘူး။ အလုပ်ထဲမှာ ကိုယ်အခင်ဆုံးသူက ကောင်လေးတစ်ယောက်ပါ Zack Zenow တဲ့ သူက အရမ်းကိုကူညီတတ်တယ် စိတ်ထားလဲ အရမ်းကိုဖြူစင်တယ်။
ပတ်သတ်ဖူးတဲ့သူတွေထဲမှာ ကျွန်မကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးလူက တစ်ယောက်ထဲရှိပါတယ်။ သူကတော့ ကျွန်မချစ်သူလေးပါ။ အခုလောလောဆယ်အဖြစ်ချင်ဆုံးကတော့ ရန်ကုန်ကို ရရာ လေယာဉ်နဲ့ပြန်ပြီး ချစ်သူလေးကို Surprise ဆိုပြီး သူ့အိမ်ရှေ့မှာ တံခါးသွားခေါက်ချင်တာပါ။
ဒီပို့စ်ကို သေချာဖတ်ကြည့်ပြီးတော့မှာ တော်တော်ပေါတဲ့ Nandar ပါလားကွယ်။

Thursday, 22 December 2011

ဖူးစာရှင် အပိုင်း (၂)

တစ်နေ့ ကျွန်မ ထိုင်းဆိုင်အလုပ်ကနေ ညဘက်ကြီး ကားမောင်းပြီးပြန်လာတယ် အိမ်ရှေ့လဲရောက်ရော ကားဂိုဒေါင်က ပိတ်ထားတယ် ည ၁၀နာရီထိုးလောက် ဒါနဲ့ မေမေတို့ ဘယ်သွားလဲဆိုပြီး ဖုန်းဆက်တော့ သူတို့ အငယ်ဆုံးညီမလေး ကာကွယ်ဆေးထိုးတာ သွားကြတယ် ၁၅မိနစ်လောက်နေရင် ပြန်လာမယ်တဲ့။ အော် ကျွန်မအကြောင်းနဲနဲပြောပြရဦးမယ် ကျွန်မက သရဲအရမ်းကြောက်တတ်တယ် ဟဲဟဲ တစ်ယောက်ထဲ အမှောင်ထဲမှာ ထိုင်နေရရင် စိတ်တွေ ချောက်ချားလာပါလေရော ဟိုနားကအရိပ်မဲမဲလိုလို ဒီနားက  တစ်ယောက်ယောက် ဖြတ်သွားသလိုလို အဲ့ဒါနဲ့ ကားမီးကြီး ထိုးပြီး ကားထဲမှာထိုင်နေတယ်။
ရုတ်တရက် အဲ့အချိန်မှာ ဖုန်းကထမြည်တယ် လန့်တောင်လန့်သွားတာပဲ။ ဖုန်းနံပါတ်က ကျွန်မမသိတဲ့နံပါတ်ကြီး Oversea ဒါနဲ့ ငါအရင်က ချက်ထားတဲ့သူငယ်ချင်းထဲက တစ်ယောက်ယောက်နေမှာပေါ့လို့ ဖုန်းကိုကောက်ကိုင်လိုက်တယ် "ဟလို ဟုတ်ကဲ့ပြောပါ" Nandar လားတဲ့ ဟင် ငါ့နာမည် သိနေပါလား ဖုန်းဆက်တဲ့လူက ဘယ်သူမှန်းမသိပါဘူး တော်ကြာနေ သူ့ကိုမသိဘူးပြောလိုက်ရင် ရှက်သွားမလားဆိုပြီး အားနာနာနဲ့ သိသလိုလို ဟန်ဆောင်လိုက်ပြီး "အင်းဘာလို့ဖုန်းဆက်တာလဲ" ကျွန်မကမသိတဲ့လူလဲ မြန်မာဆို ဖုန်းချပစ်လေ့မရှိပါဘူး တော်တော် အားနာတတ်ပါတယ်။ သူကအဲ့တော့ ဘာလို့ အွန်လိုင်းမလာတာလဲတဲ့ သူစောင့်နေတာ တော်တော်ကြာပြီတဲ့ အဲ့ဒါနဲ့စိတ်ထဲက.......အံမယ် ငါ့ကိုအွန်လိုင်းမှာ စောင့်နေတဲ့သူရှိပါလားဆိုပြီး တော်တော်ဘ၀င်မြင့်သွားတယ်။ ပြောနေကြအတိုင်း”မအားလို့ပါလို့”။ ဒါနဲ့သူက ကိုဘယ်သူလဲသိလားတဲ့ အဲ..အဲ့ဒါမှ ပြသနာပဲဘယ်သူလဲ ကျွန်မလဲမသိဘူး တော်တော်ဆိုးပါတယ်။ သူကပြောတယ် ကိုယ်က ဟိုတလောတုန်းကတွေ့တဲ့ ကိုဘယ်သူပါပေါ့ နာမည်ပြောလဲ ကျွန်မမမှတ်မိပါဘူး သူနဲ့တစ်ခါတော့ စကားပြောဖူးတယ် သူ့အသံကိုမှတ်မိနေတယ် သူ့အသံက သူများလိုမဟုတ်ဘူး မျိုးကြီးတို့အသံလို ရှတတနဲ့ အစဖုန်းကိုင်ကတည်းက မသိဘူးပြောလိုက်ရင် တော်သေးတယ် အခုတော့ မသိတဲ့လူကြီးနဲ့ ၅မိနစ်လောက် စကားပြောပြီးမှ သူကမေးတော့ ငါကမသိဘူးပြောလိုက်ရင် ငါ့ကိုကောင်လေးတွေနဲ့ ချက်တယ်ဆိုပြီး အထင်သေးသွားမလားပေါ့ အဲ့အချိန်မှာ တော်သေးတယ် မေမေတို့ပြန်လာလို့ ကျွန်မလဲဖုန်းချလိုက်တယ်။ အခန်းထဲလဲရောက်ရော ချက်ကြတာပေါ့။ နောက်နေ့တွေတော့ ကျွန်မလဲအွန်လိုင်းမှာသူနဲ့ စကားတွေအများကြီးပြောဖြစ်တယ် “ဘာညာသာဒကာ Blah Blah Blah ပေါ့” သူနဲ့လဲတော်တော်ခင်သွားတယ် နောက်ပိုင်း စာမရိုက်တော့ဘူး  Gtalk မှာ ပြောကြတယ်။
ဒါလေးကတော့ သူပေးထားတဲ့ စာလေးတစ်ခု။
သူ့ရဲ့အပြုံးလေးတွေက အရမ်းကိုဖြူစင်တယ်

နောက်တော့ သူကရည်းစားစကားပြောပါတယ် ကျွန်မက အွန်လိုင်းက လူတွေကိုမယုံဘူးလို့ ဒီလိုပဲချစ်တယ်လို့ပြောကြတာပဲ နောက်တော့ ဘာမှလဲမဟုတ်ပါဘူးလို့ ပြောတော့ သူက တကယ်အတည်ပါတဲ့ သူ့ကိုယုံကြည်ပေးပါတဲ့ သူကသူ့အချစ်စစ် မှန်ကြောင်းသက်သေတွေအများကြီးနဲ့ပြပါတယ်..နောက်ပိုင်းသူနဲ့ခင်မင်သွားတော့ သူ့အကြောင်းကိုလဲ ကျွန်မတော်တော်လေးသိလာပြီး အဖြေပေးလိုက်ပါတယ်။ အွန်လိုင်းရည်းစားတွေဖြစ်သွားကြတယ်ဆိုပါတော့။
အဲ့ဒီ့နေ့က မှတ်မှတ်ရရ ၂၂.၀၁.၂၀၀၉ပါ အခုဆိုရင် ချစ်သူသက်တမ်း ၂နှစ်နဲ့၁၁လတောင်ရှိသွားပြီ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲ ကျွန်မတို့ ၂ယောက်အပြင်မှာတွေ့ဖို့အများကြီးကို ပြင်ဆင်ခဲ့ရတယ် မေမေ့ကိုလဲအသိပေးလိုက်တယ် သူ့မိဘတွေကိုလဲ အသိပေးတယ် သူတို့ကတော့ဘာမှမပြောပါဘူး သဘောတူပါတယ် ဒါပေမယ့် ဖေဖေကကျွန်မ ရည်းစားထားတာကိုမသိပါဘူး။ အွန်လိုင်းရည်းစားတွေဆိုတော့ အပြင်မှာသူနဲ့အရမ်းကိုဆုံချင်ခဲ့တယ်။ သူက ၂၀၁၁ဂျူလိုင်လမှာ ရန်ကုန် ပြန်တော့မယ်လို့သိထားတယ် ကျွန်မက၂၀၁၀ဒီဇင်ဘာ လောက်ကတည်းက လေယာဉ်လက်မှတ်ဝယ်ထားတယ် ဘယ်လောက်တွေ့ချင်နေလဲ မသိဘူး။ လေယာဉ်လက်မှတ်က ၂၄ရက် ၇လပိုင်းမှာပါ သူနဲ့ပဲတွေ့မယ်ပေါ့ တခြားပြသနာတွေကို ကျွန်မမတွေးမိပါဘူး တစ်ခါမှမမြင်ဖူးသေးတဲ့ကိုယ့်ချစ်သူကိုတွေ့ချင်တဲ့စိတ်ပဲရှိပါတယ် ရန်ကုန်လဲပြန်ရော.........

ရန်ကုန်မှာဖြစ်ခဲ့တဲ့ ပြသနာ ၁ထောင့်တစ်ရာကို အပိုင်း(၃) မှာ ရေးပါမယ်။

Get to know me a little better tag!


ဒီ tag လေးကတော့ YouTube မှာတွေ့လို့ ဘလော့မှာလဲ သူငယ်ချင်းတွေနဲ့လုပ်မလားလို့ စဉ်းစားမိတာနဲ့ တင်လိုက်တာပါ။ ကိုယ့်အကြောင်းကို သူငယ်ချင်းတွေ ပိုသိအောင်လဲပါပါတယ်။ ကျွန်မ tag လုပ်ချင်တဲ့ သူတွေကတော့ ကျွန်မဘလော့ကို လာလည်တဲ့ သူတွေအားလုံးကို tag ချင်ပါတယ်
Candy(မမကန်ဒီ)၊ သမီးစံ ၂ယောက်ထဲသူငယ်ချင်းကရှိတော့ tag လုပ်လိုက်ပါတယ်။ 

What is your name?
နာမည်အရင်းက Nandar Win ပါ။ မေမေကတော့ အငယ်လေးလို့ခေါ်တယ်(သမီးအကြီးဆုံးကို ဘာဖြစ်လို့ခေါ်လဲတော့မသိပါ)။ ညီမလေး ၂ယောက်က မမလို့ခေါ်တယ်။ ချစ်သူက အသဲလေးလို့ ခေါ်တယ် :)

How old will you be by your next birthday?
နောက်နှစ်ဆိုရင် အသက် ၂၂ နှစ်ပြည့်တော့မယ်။ ကိုယ့်ကိုကိုယ် တော်တော်အသက်ကြီးပြီလို့ထင်ပါတယ်။ ဒီမှာ အသက် ၂၁ ပြည့်ပြီးရင် လူကြီး ပဲလေ ဒီ့ထက်ပိုပြီးရင့်ကျက်သင့်ပြီထင်ပါတယ်။

What is your favourite ice cream?
ကျွန်မငယ်ငယ်ကတည်းက ရေခဲမုန့်လုံးဝမကြိုက်ဘူး စားလဲမစားဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်စားရင်တော့ Coconut Ice Cream ကို ကြိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က အုန်းမွှေးလုံးနဲ့တူလို့။

Do you have any pets?
အိမ်မှာ Pet လုံးဝမမွေးပါဘူး။ ဘာဖြစ်လို့လဲမသိဘူး သူတို့ရဲ့အမွှေးတွေကိုအရမ်းကြောက်တယ် ငယ်ငယ်ကတည်းက ကြောင်တွေ ခွေးတွေမြင်ရင် ထွက်ပြေးနေတာ။ ခွေးတွေဘေးကဖြတ်သွားရင် မကိုက်အောင် လက်မကိုဖွက်ပြီး အသက်အောင့်ပြေးတာပဲ။ အဲ့လိုမျိုး သူငယ်ချင်းတို့ရောဖြစ်လားဟင်?

Can you tell the difference between pepsi and coke?
Pepsi ka လျက်ဆားနံ့နဲနဲရသလိုပဲ Coke ကတော့ coke အရသာရတာပေါ့နော် ဟဲဟဲ။

Soda or sports drink?
Soda ဆိုတာက Soft Drink ကိုပြောတာဆိုရင်တော့ သိပ်မကြိုက်ဘူး Sports drink ကိုအရမ်းကြိုက်တယ်။

Favourite soup?
Favourite soup  ကတော့ Chicken and Corn Soup ပါ။ အငယ်ဆုံးညီမလေးက ထမင်းမစားတော့ သူ့ကို မေမေက ၀ယ်တိုက်ရင်းနဲ့ နဲနဲကျန်ရင် ကပ်ကပ်သောက်ရင်းကြိုက်သွားတာပါ။

Hamburger or hot dog?
ဟမ်ဘာဂါကိုပဲကြိုက်ပါတယ်။

Floral or musky perfume?
Floral perfume ကိုအကြိုက်ဆုံးပါ ရေမွှေးဝယ်တိုင်းအမြဲလိုလို floral scent ကို ရွေးပါတယ်

Spring or autumn?
Autumn  နွေပူပူကနေ ဆောင်းကိုကူးရတာ အနှစ်သက်ဆုံးအချိန်ပါပဲ။

ဒီဇင်ဘာပိတ်ရက်မှာ ဘာတွေလုပ်မယ် (Tag)


ဒါကတော့ပထမဆုံးရေးတဲ့ ကျွန်မရဲ့ TAG ပို့စ် လေးပါ မမကန်ဒီက TAG လုပ်တဲ့အတွက်လဲ အရမ်းကို ၀မ်းသာမိပါတယ် ခင်မင်မှုကိုပြတယ်ဆိုလို့ပါ။ ဘာဖြစ်လို့လဲမသိပါဘူး မကန်ဒီကို မြင်ကတည်းက အရမ်းကိုချစ်ခင်မိတယ်။…မမကန်ဒီကိုစသိတာက…YouTubeဗွီဒီယိုလေးကိုပါ…ရွှေခေါင်းပြောင်ဟင်းချက်တာလားမသိဘူး။…နောက်တော့သူရေးတဲ့ဘလော့လေးကိုတွေ့တော့…ဖတ်ရင်းနဲ့ကိုယ်လဲရေးချင်စိတ်တွေဖြစ်သွားတာပါ။
ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိသလားဆိုတော့ အမှန်အတိုင်းပြောရရင်မပျော်ရွှင်မိဘူး ဘာလို့လဲဆိုတော့…မေမေတို့ကရွှေဘိုကလေ…မြန်မာစစ်စစ်တွေဆိုတော့…ဘာမှကိုလုပ်လေ့လုပ်ထမရှိပါဘူး ဒီဇင်ဘာက ဒီလိုပဲအမြဲတမ်းလိုလို ကျွန်မအတွက်တော့ အေးစက်စက်ပါပဲ။ အေးစက်စက်ဆိုလို့ ရန်ကုန်မှာတုန်းကပဲ ဖြစ်တာပါ။ အော်စီရောက်တော့ ဒီဇင်ဘာဆို နွေရာသီကြီးလေ ပူအိုက်အိုက်နဲ့ ညဘက်ဆိုအိပ်လို့ကိုမပျော်ဘူး…ဒါပေမယ့် ခရစ်စမတ်ရောက်ခါနီးဆိုရင် လက်ဆောင်တစ်ခုခု(အကြီးကြီး) သို့မဟုတ်…ကံကောင်းတတ်ပါတယ်။…အဲ့ဒါတော့ထူးခြားမှုတစ်ခုပေါ့။

ကိုယ့်ရဲ့အိမ်မှာတော့ decoration တွေအလှမဆင်ပါဘူး ဒါပေမယ့် ဒီနိုင်ငံမှာ အိမ်တိုင်းလိုလို မီးသီးလှလှလေးတွေနဲ့ရောင်စုံ အလှဆင်တတ်တယ် သူတို့က ပြိုင်ပွဲလဲရှိတယ်လေ ညဘက်ဆိုအမြဲလိုလို အဲ့လိုပြင်ဆင်ထားတဲ့…အိမ်လှလှလေးတွေ…ဓာတ်ပုံလျှောက်ရိုက်လေ့ရှိတယ်။
ဒါလေးက ညီမအငယ်ဆုံးလေးပါ


နှင်းတွေအေးခဲနေတဲ့နေရာကို သွားလည်ချင်ပါတယ် အမေရိကားလို နေရာမျိုးပေါ့။ အခုက မြန်မာနိုင်ငံ ပတ်စ်ပို့နဲ့ဆိုတော့…ဗီဇာလျှောက်ဖို့နဲနဲခက်တယ်။…ဒီနိုင်ငံသားဖြစ်ပြီးရင်တော့…နေရာအနှံ့ကိုလျှောက်လည်ချင်တယ်။ ခရစ်စမတ်ပိတ်ရက်မှာ…မိသားစုနဲ့ပဲတူတူနေဖြစ်တယ်။...ခရစ်စမတ်နေ့တိုင်းလိုလို...အလုပ်ကခေါ်လေ့ရှိတော့…အမြဲအလုပ်ပဲလုပ်နေတယ်။…Workaholicဆိုတော့…တစ်ချိန်လုံးအလုပ်မှာပဲနေချင်နေတာပါ(နေလို့ရရင်ပေါ့)ဟဲဟဲ။

ညီမလေးက အခုမှ အသက်(၃) နှစ် သူ့ရဲ့မွေးနေ့က ၂၄.၁၂.၂၀၀၉ Christmas Eve ပေါ့ ဒါကြောင့် ခရစ်စမတ်ရောက်တိုင်း သူ့ကိုမွေးနေ့လက်ဆောင်အမြဲ ပေးဖြစ်ပါတယ် ဒီနှစ်နဲ့ဆို ၃ခါပဲရှိပါသေးတယ်။ ဘယ်လိုလက်ဆောင်လေးတွေပေးလဲဆိုတော့..ဂါဝန်လှလှလေးပေးဖြစ်တယ်။…သူ့ကိုကတော့…အငယ်ဆုံးအချစ်ဆုံးဆိုတော့ လှတာလေးတွေတွေ့ရင် သူ့မွေးနေ့မှမဟုတ်ဘူး အမြဲလိုလိုဝယ်ပေးဖြစ်တယ်။

Christmas Decoration
ခရစ်စမတ်မှာအမှတ်တရလေးတွေမရှိပါဘူး ဒါပေမယ့် ကျွန်မချစ်သူနဲ့နောက်နှစ်မှာ တူတူရှိနေချင်တယ်။ သူလဲဒီကိုလာဖို့…ကြိုးစားနေတယ်။…၂၀၁၂မှာလာနိုင်ပါစေလို့…အမြဲဆုတောင်းမိတယ်။

အကြိုညမှာ…ကျွန်မချစ်တဲ့မိသားစုရယ်ပြီးတော့…သူရယ်အတူတူရှိနေချင်တယ်။
New Year Eve မှာ…Countdown လုပ်လေ့ရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အိမ်နားမှာ ကမ်းခြေရှိတယ် အဲ့ဒီ့ကမ်းခြေမှာ ဒီလိုနေ့ဆို လူတွေအများကြီးပဲ Stage Show တွေလဲရှိတယ် နောက်ပြီး Fire Work လဲ ရှိတယ်ဆိုတော့ နှစ်တိုင်းအဲ့နေ့ရာကို သွားဖြစ်တယ် လူတွေအများကြီးနဲ့ Countdown လုပ်ရတာ…ပျော်စရာအကောင်းဆုံးပဲ…ကမ်းခြေကြီးတစ်ခုလုံး…အသံတွေဟိန်းနေလို့။…ဒီနှစ်တော့ ဗွီဒီယိုရိုက်ထားလိုက်ဦးမယ်။

New Year Resolution ကတော့ သင်္ကြန်မှာပဲလုပ်ချင်ပါတယ်။ ကျွန်မက New Year Resolution အနေနဲ့ ဆံပင်အရှည်ကြီးကို…အဲ့ရောက်ရင်…တိုတိုလေးညှပ်ပစ်တတ်တယ်…အဲ့ဒါချစ်သူက…ဆံပင်အရှည်လေးနဲ့ချစ်လို့…ဒီတစ်ခေါက်တော့မညှပ်ပါနဲ့ဆိုလို့…ညှပ်ဖြစ်မယ်မထင်ပါဘူး။

လွမ်းမောတသတာမျိုးမရှိပါဘူး ကိုယ်က ရက်တွေမြန်မြန်ကုန်အောင် လက်ချိုးရေတတ်တဲ့လူဆိုတော့ အချိန်မြန်မြန်ကုန်လေကောင်းလေပါပဲ။ ဒါပေမယ့် မေမေတို့ဖေဖေတို့ကို အသက်မကြီးစေချင်ဘူး ကျွန်မကပဲ…ထားခဲ့တဲ့သူဖြစ်ချင်တာ…ကျွန်မကို…ထားခဲ့ခံရမှာအရမ်းကြောက်တယ်။…အဲ့ဒါကြောင့် ရည်းစားတွေကို…ကိုယ်ကပဲအရင်ထားခဲ့လေ့ရှိပါတယ်…J

Tuesday, 20 December 2011

ကံကောင်းတာလား ကံဆိုးတာလား.....(၁၉.၁၂.၂၀၁၁)


ဒါက အခုလုပ်နေတဲ့ Crew Trainer Position ပါ

တနင်္လာနေ့က အလုပ်ကခေါ်လို့ ကျွန်မ မနက် ၆နာရီခွဲမှာ အိမ်ကထွက်ခဲ့ပါတယ်....အလုပ်ကိုရောက်တော့ မီးဖိုချောင်မှာ ရှုပ်ပွနေတာပါပဲ ကျွန်မလဲ သန့်ရှင်းရေးအမြန်လုပ် ပြီးတော့ မုန့်တွေစလုပ်ပါတယ် ကြက်ဥပေါင်းတယ် Bacon ကြော်တယ် ပြီးတော့ muffin ကင် တယ်...မီးဖိုချောင်တစ်ခုလုံး အမြဲတန်းလိုလို မနက် ၆နာရီကနေ ၈နာရီထိ ကျွန်မတစ်ယောက်ထဲရှိတာများပါတယ်...အဲ့ဒီ့အချိန်က အလုပ်သိပ်မရှုပ်လို့ သူတို့လူမခေါ်တာလဲပါသလို ဟဲဟဲ နဲနဲကြွားပြောရရင် ကျွန်မပဲ တစ်ယောက်ထဲ လုပ်နိုင်တာပါ သူများတွေဆို ၂ယောက်ခေါ်မှရပါတယ်...ဒါကြောင့် ကျွန်မအလုပ်မလာမှာသူတို့တအားစိုးရိမ်ကြပါတယ် ကျွန်မက လူ ၂ယောက်စာလောက်ခိုင်းလို့ရတာကိုး ၇နာရီခွဲတော့အလုပ်စ၀င်မယ့်သူတွေစရောက်လာကြပါတယ်..ကျွန်မကို မန်နေဂျာက ခေါ်ပြီး Resturant Manager က အစည်းအဝေးရှိလို့ သူ့ ဖိုင်ကျန်ခဲ့လို့ သွားပို့ပေးပါတဲ့ ကျွန်မ သူပြောတဲ့နေရာကို မသိပါဘူး အဲ့ဒါနဲ့ ငါ့ကို သေချာပြောပြပါလို့ ငါက လမ်းမမှတ်မိတတ်လို့လို့ပြောတော့ သူက ဒီလိုပြောပါတယ် စတွေ့တွေ့ချင်းလမ်းမှာ ဘယ်ကိုချိုးပါ ပြီးတော့ freeway ပေါ်ကိုရောက်သွားမယ် ပြီးရင် ဘယ်ဘက်ကို ပြန်ချိုးလိုက်ပြီးရင် တည့်တည့်သွားလို့ သေချာမှာလိုက်ပါတယ် အဲ တစ်ခုခု မလွဲရရင် မနေနိုင်တဲ့ကျွန်မက T Junction လိုမျိုး လမ်းပိတ်ကြီးကိုရောက်တော့ သူက ငါ့ကို တည့်တည့်သွားလို့ပြောတယ်လို့ ငါအခုတည့်တည့်သွားလိုက်ရင် လမ်းပိတ်ကြီးရောက်မှာလို့ ဒါနဲ့ ကျွန်မ တည့်တည့်မသွားပဲ ညာဘက်ချိုးလိုက်ပါတယ် အဲ့မှာစလွဲတော့တာပဲ ၈နာရီက ထိုးနေပြီ သူတို့ အစည်းအဝေးက ၈ခွဲ စမှာ ညာဘက်ကိုချိုးလိုက်ပြီး ၁၀မိနစ်လောက် လမ်းလွဲကို ဆက်မောင်းနေပါတယ်..နောက်မှ ငါ သူတို့ပြောတဲ့နေရာလဲ မတွေ့ဘူးလို့ ငါတော့မှားပြီနဲ့တူတယ်လို့ ဟိဟိ ၁၀မိနစ်တောင်ကြာပါတယ်...ဒါနဲ့ ကားကိုဘေးနားကိုထိုးရပ်ပြီးတော့ ဖုန်းထဲက GPS ကိုရိုက်ထည့်လိုက်တော့ ဟုတ်ပါတယ် ကျွန်မက တည့်တည့်သွားရမယ်ဆိုတာ သိသွားပါတယ် ဟူး.......အဖြစ်ကတော့ မနှစ်ကနဲ့မတူပါဘူး အဲ့ဒါနဲ့ လာတဲ့လမ်းအတိုင်းပြန်ကွေ့ပြီး ၁၀မိနစ် ထပ်မောင်းပါတယ် ဒါနဲ့ လမ်းကိုတွေ့သွားပါတယ် နေရာလဲရောက်ရော မန်နေဂျာခေါင်ချုပ်ကြီး ၃ယောက် လက်ပိုက်ပြီးမတ်တပ်ရပ်စောင့်နေပါတယ် ကျွန်မလဲ ကြောက်လန့်ပြီး ကားကို တွေ့တဲ့ပါကင်မှာ ၀င်ထိုးလိုက်တယ် သူတို့နဲ့အနီးဆုံးကို တကယ်က ထိုးရမှာပါ ကြောင်တောင်တောင်နဲ့အဝေးကြီးမှာ ကားကိုထိုးပြီး ဖိုင်ကိုကိုင်ပြီး သူ့ဆီကို အတင်းပြေးသွားပါတယ် တော်သေးတာပေါ့ သူကလဲ ပြေးလာပြီး ကျေးဇူးတင်ပါတယ်ပြောတယ် ပြောရုံနဲ့မပြီးဘူး ပါးကိုကပ်ပြီးနမ်းတောင်နမ်းလိုက်သေး...အဲ့ဒါနဲ့ အချိန်မှီလို့တော်သေးတယ်...

ဒါနဲ့အလုပ်ကို လာလမ်းအတိုင်းလမ်းမမှားအောင် သတိနဲ့ပြန်လာတော့ အလုပ်ကလူတွေက Nandar ပြန်လာပြီဟေ့တဲ့ ၁၀မိနစ်ပဲကြာရမဲ့လမ်းက နာရီဝက်ကြာတော့ သူတို့လဲ တော်တော်စိတ်ပူနေကြတယ် ကားတွေဘာတွေများတိုက်နေသလားဆိုပြီးတော့ ဒါနဲ့ အလုပ်ဆက်လုပ်ပါတယ်...အစည်းအဝေးလုပ်တဲ့ခုနက မန်နေဂျာက အလုပ်ကိုပြန်လာပါတယ် ပြီးတော့ ကျွန်မကို တွေ့ချင်လို့ဆိုပြီးခေါ်တယ် သူက နင့်ကိုတစ်ခုပြောစရာရှိတယ်တဲ့ ငါအခု နင့်ကို မန်နေဂျာ ရာထူးတိုးပေးမယ် လိုချင်လားတဲ့ ကျွန်မမျက်လုံးတောင်ပြူးသွားတယ် ဒါနဲ့ ငါက ကြောက်တတ်တယ်လို့ ဖြစ်မှာမဟုတ်ဘူးလို့ ပြောတော့ နင့်ကို ငါလုပ်ခိုင်းရတဲ့အကြောင်းအရင်းက နင်က မန်နေဂျာဖြစ်ဖို့အရည်အချင်းတွေအကုန်ရှိလို့တဲ့ အရမ်းကိုပျော်သွားတယ် မန်နေဂျာဆိုတာက ရာထူးလဲ ကောင်းသလို လခကလဲ အခုထက် ပိုကောင်းတယ်ဆိုတော့လေ...ဒါနဲ့အလုပ်ဆက်လုပ်ပါတယ် လူက အပျော်တွေလွန်ကဲပြီး မိုးမမြင်လေမမြင်ဖြစ်နေတဲ့အချိန်ပေါ့ အဲ့ဒီ့အချိန်မှာ အကူကောင်လေးတစ်ယောက် နဲ့ကျွန်မနဲ့ ၂ယောက်ထဲပါ အလုပ်လုပ်နေကြတာ အလုပ်က အရမ်းရှုပ်လာတော့ ခုနက offer ပေးတဲ့မန်နေဂျာက လာကူပါတယ်...အဲ့ဒီမှာ ကံဆိုးတာက စတာပါပဲ....

အဲ့ကောင်လေးက Sauce Gun နဲ့မထင်မှတ်ပဲ ကျွန်မမျက်လုံးကို ဆောင့်ထိုးမိသွားတယ် အဲ့တော့ ကျွန်မလဲ အား....လို့အကျယ်ကြီးအော်ပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားတယ် ညာဘက်မျက်စိပါ အရမ်းကိုနာသွားတယ် မျက်စိဖွင့်ကြည့်တော့ မျက်ကပ်မှန်က ထွက်ကျလာတယ် ကျွန်မလဲ မျက်ရည်တွေထွက်လာတယ် ငိုတာတော့မဟုတ်ဘူး အဲ့ဒါနဲ့မန်နေဂျာက ဘာဖြစ်လဲပေါ့ အဲ့ကောင်လေးလဲ သူလုပ်လို့ဖြစ်တာဆိုပြီး ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်နေတယ် စိတ်ပူနေတာပေါ့ မန်နေဂျာနဲ့ ကျွန်မလဲ ရုံးခန်းထဲဝင်ပြီး Incident form ဖြည့်ပြီးဆေးခန်းကို ပြေးရပါတယ် တော်သေးတယ် မျက်စိက မထိခိုက်ဘူး ဒါပေမယ့် မျက်ခွံအသားကြေသွားတယ်တဲ့ မနက်ဖြန် ၁၁နာရီပြန်လာခဲ့ပေါ့ မျက်လုံးယောင်လာမယ် နီလာမယ်ပေါ့ အကုန်ပြောလိုက်ပြီး မျက်ကပ်မှန်မျက်လုံးကိုပြန်တပ်ပေးလိုက်တယ် မျက်ကပ်မှန်က အမာသားဆိုတော့ ကွဲသွားပြီး မျက်လုံးမှာ စိုက်နေလို့ကတော့ အခုချိန် Nandar Win တို့ blog ရေးဖို့မပြောနဲ့ မျက်စိတ်ကန်းနေမှာအသေအချာပဲ မန်နေဂျာက တော်တော်လေးကောင်းပါတယ် သူကိုယ်တိုင် ကားမောင်းလိုက်ပို့ပြီးသေသေချာချာကို ဂရုစိုက်ပါတယ် မန်နေဂျာကြီးကျန်းမာပါစေ ချမ်းသာပါစေ :)  အဲ့နေ့ကတော့ နေ့တာ အရှည်ဆုံးပါပဲ ကံကောင်းတာလား ကံဆိုးတာလားကိုမသိတော့ပါဘူး

ကျွန်မက အမြဲလိုလို တလွဲ လုပ်တတ်ပါတယ်။ အလုပ်ဆိုရင်လဲ အလုပ်တစ်ခု စစ၀င်ချင်းဆို သူများတွေထက်ဆိုးအောင် အမှားအများကြီးလုပ်တတ်တယ် အဲ့လိုလုပ်တတ်လွန်းတဲ့ကိုယ့်ကိုယ်ကို သိလို့ ဒီအလုပ်မှာ ၃နှစ်ရှိသွားပြီလုပ်နေတာ မန်နေဂျာ လုပ်ဖို့က Part Time Manager လဲလုပ်လို့ရတယ်ဆိုတော့ ကျွန်မအဖို့ အတိုင်းမသိပါပဲ ကျောင်းလဲတက် အလုပ်လဲလုပ်...ပျော်လိုက်တာ ဒါပေမယ့် အား......မျက်စိတော့နာနေသေးတယ် အဟင့်အဟင့်


ဖူးစာရှင် အပိုင်း (၁)

 ဒီပုံလေးက သူနဲ့ပထမဆုံး စတွေ့တော့ ပေးတဲ့ပုံလေးပါ။
ညတစ်ညမှာ ပျင်းပျင်းရှိတာနဲ့ ကျွန်မ Gtalk က သူငယ်ချင်းတွေနဲ့စကားပြောမယ်ဆိုပြီး ၀င်ဖြစ်ခဲ့တယ်...အဲ့ဒီ့အချိန်မှာ ကျွန်မမသိတဲ့ account တစ်ခုက ကျွန်မကို invite လုပ်ထားတယ်...အဲ့ဒါနဲ့ဘယ်သူလဲပေါ့ accept လုပ်လိုက်တယ်....ပြီးတော့ သူငယ်ချင်းနဲ့စကားပြောပြီး အဲ့ဒီ့ညက အိပ်ပျော်သွားတယ်...မနက်ရောက်တော့ တနင်္ဂနွေနေ့ဆိုတော့ မေမေတို့က ဘုန်းကြီးကျောင်းသွားကြတယ်...အိမ်မှာ ညီမလေးနဲ့ ကျွန်မပဲကျန်ခဲ့တယ် အဲ့ဒါနဲ့ Gtalk ကို ၀င်တော့ သူ့အကောင့်ဖွင့်ထားတာကိုတွေ့တာနဲ့ ကျွန်မလဲ ဘယ်သူလဲ ဘယ်ကလဲ ဘာလို့ ကျွန်မအကောင့်ကိုအပ်တာလဲပေါ့...သူလဲကျွန်မဘယ်ကလဲဆိုတာမသိဘူးတဲ့ ဒါနဲ့ကျွန်မလဲ "ဟင် ဒီလူက အဆန်းပဲ တစ်ခြားကျွန်မကို လာအပ်တဲ့သူတွေလိုလဲ မကျူဘူး မိန်းကလေးကို စိတ်မ၀င်စားတဲ့ပုံစံနဲ့" 
အဖြစ်က ဒီလိုပါ သူက အချိန်ရှိခိုက် စာပဲကျက်နေတဲ့လူစားမျိုးပါ ခပ်အေးအေးနေတတ်တာကြောင့် သူ့ရဲ့သူငယ်ချင်းက သူ့ကွန်ပျူတာလာသုံးနေတုန်း သူ့ Gtalk က ပွင့်နေတာနဲ့ ကျွန်မအကောင့်ကို အပ်ပေးသွားတယ်လို့ပြောပါတယ် သူပြောတဲ့ သူ့သူငယ်ချင်းဆိုတာလဲ ကျွန်မသိပ်မသိပါဘူး တစ်ခါ ၂ခါတော့ စာရိုက်ပြီးပြောဖူးပါတယ်...ဒီလိုပဲပေါ့နော် ချစ်သူတွေဖြစ်ဖို့ ဖူးစာပါတော့လဲ မြှားနတ်မောင်ရဲ့အကူအညီအရ တွေ့ခဲ့ကြပါတယ်... အဲ့ဒီ့ပထမဆုံးတွေ့တဲ့နေ့က ကျွန်မသူနဲ့ စာရိုက်ပြီးပဲစကားပြောပါတယ် အွန်လိုင်းသဘောအရပေါ့ နောက်တော့ ဓာတ်ပုံအပြန်အလှန်ပို့ကြတယ်...၃ခါလောက်ပြောပြီး ကျွန်မ အင်တာနက် မသုံးဖြစ်တော့ပါဘူး ဘာကြောင့်လဲ ဆိုတော့ ကျွန်မအဲ့ဒီ့အချိန်တုန်းက ထိုင်းဆိုင်တစ်ခုမှာ Waitress လုပ်ပါတယ် ကောလိပ် ပြီးတော့ Certificate ရတော့ အလုပ်ရတယ် အလုပ်၂ခုလုပ်တာပေါ့ မနက်ဆို Lab မှာလုပ်ပြီး ညမှာ ထိုင်းဆိုင်မှာအလုပ်လုပ်ပါတယ်...ကျွန်မက လူတစ်မျိုးပါ အလုပ်လုပ်နေရရင် မပင်ပန်းပါဘူး Workaholic လိုမျိုး ထူးဆန်းတာက အဲ့လို Work Mood က Work Uniform ၀တ်လိုက်မှာ ၀င်တာ...မဟုတ်ရင် အပျင်းထူပါတယ်...ဒါနဲ့ခုနက စကားကိုပြန်ဆက်ရရင် အွန်လိုင်းမသုံးတာ ၁လလောက်ကြာသွားတယ် ကျွန်မလဲ အမှုမဲ့အမှတ်မဲ့ပါပဲ...အရမ်းကြီးခင်တဲ့ သူငယ်ချင်း အွန်လိုင်းမှာမရှိတာလဲ ပါပါတယ် သူ့ကိုလဲ မေ့နေတာပေါ့...
အပိုင်း (၂) ကို နောက်နေ့မှ ဆက်တင်ပါမယ်

Saturday, 10 December 2011

My time killing skill :)

ဒါကတော့ Nandar အချိန်ဖြုန်းနေတဲ့ ဂိမ်းပါ ၀ယ်ထားတာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကလားမသိဘူး အခုမှ ကျောင်းပိတ်တာနဲ့ မိုးလင်းကထဲကနေ ညထိ ထိုင်ဆော့တယ် ထမင်းစားရေချိုးတော့ ကြားထဲမှာလုပ်တာပေါ့နော် ဟိ...အချိန်ကုန်လို့ကုန်မှန်းမသိဘူး နောက်ပြီး ဒီဂိမ်းကလဲ Game Over ဆိုတာမရှိဘူးလေ ကိုယ့်ဆီက ၁ second ဆို ဂိမ်းထဲမှာက ၁မိနစ်ဆိုတော့ ကုန်လို့ကုန်မှန်းမသိသာပါဘူး...ဆော့တာ ၃ရက်လောက်ရှိသွားပြီ Nandar ရဲ့ game ထဲက Sims တွေရဲ့နာမည်တွေက အဖေက ပြေတီဦး အမေက Eindra Kyaw Zin သမီးအကြီးက Pyay Thu Dra Oo သားငယ်လေးက Benji Oo ဟဲဟဲ ပြေတီဦး နဲ့ Eindra Kyaw Zin ကတော့ အခု အဘိုးကြီးနဲ့အဘွားကြီးဖြစ်နေပြီ ဂိမ်းထဲမှာ...
မှတ်ချက်....ကျမ နာမည်ကို အင်္ဂလိပ်လို ရေးတဲ့အကြောင်းအရင်း အကြီးကြီးရှိပါတယ် အဲ့ဒါကတော့ ကျမ ကွန်ပြူတာထဲမှာ ဇော်ဂျီဖောင့်က ကြောင်နေတာ ဘယ်လောက် uninstall လုပ်ပြီး ပြန် install လုပ်လုပ် ထပ်ဆင့်တို့ ပက်ဆင့်တို့ ရေးလို့မရဘူးဖြစ်နေတယ် ကူညီကြပါဦး????

My Lucky Day


ဒီနေ့က အခု ၂၀၁၁ ရဲ့ ဒီဇင်ဘာမှာ Nandar အတွက် ကံအကောင်းဆုံးနေ့လို့ ပြောလို့လဲ မမှားဘူးထင်တယ်။ ဘာလို့လဲဆိုတော့… ဒီနေ့မနက် ၅နာရီခွဲ alarm ပေးထားတယ် alarm က ထမြည်တော့ နိုးသွားတယ်။ ပြီးတော့ အလုပ်က မနက် ၆နာရီစမှာဆိုတော့ မြန်မြန် မျက်နှာသစ် သွားတိုက် မျက်ကပ်မှန်တပ်ပြီး (အော် Nandar က မျက်ကပ်မှန်တပ်ရတယ် ဒီအကြောင်းကို နောက်ပို့စ်တစ်ခုမှာ သေချာပြောပြမယ်နော်) uniform လဲ ပြီး သွားတယ် အလုပ်နဲ့အိမ်နဲ့က ဘယ်လောက်မှမဝေးပါဘူး ကားမောင်းရင် ၅မိနစ်လောက်ပဲမောင်းရတယ် လမ်းလျှောက်ရင်တော့ နာရီဝက်လောက်ကြာတယ်…အလုပ်ကိုရောက်တော့ အလုပ်တမ်းစရတယ် ၆နာရီထိုးဖို့ ၄မိနစ်အလိုပေါ့…အဲ့ဒါနဲ့ အလုပ်က ၂နာရီပြီးတယ် Nandar က အချိန်ပိုင်းအလုပ်ပဲလုပ်တာလေ အခုက ကျောင်းပိတ်ရက်ဖြစ်နေတော့ အချိန်များများလိုချင်တယ် ဒါနဲ့ အပေါက်ဆိုးတဲ့ မန်နေဂျာကြီး ဆီမှာ ဟိုတစ်နေ့က အလုပ်များများပေးဖို့သွားပြောထားတာ ဒါနဲ့ပြန်ခါနီး မန်နေဂျာကခေါ်ပြီးတော့ Nandar 2012 February အတွက် အချိန်စာရင်းပေးထားတဲ့ ဘာလို့လဲဆိုတော့ သူတို့ဆီက full time အလုပ်လုပ်နေတဲ့ကောင်လေးက Part Time ဖြစ်သွားလို့တဲ့ အဲ့ဒါနဲ့ အလုပ်ရဖို့ သေချာသွားတာပေါ့..အိမ်ပြန်လာတော့ Nandar ညီမ က ဒီနေ့ စာမေးပွဲ result တွေထွက်တယ်တဲ့ တကယ်က Monday မှ ထွက်ရမှာကို အဲ့ဒါနဲ့ အမောတကော ရေမချိုးသေးပဲ စစ်ကြည့်လိုက်တယ်………….ဟေးးးးးး ပျော်တယ်စေ့ ဒီ semester ၃ဘာသာ ယူတာ ၃ခုလုံးအောင်တဲ့အပြင် တစ်ခုက HD တစ်ခုက C နောက်တစ်ခုကတော့ P ပဲ။ မဆိုးပါဘူး Pass ပဲဖြစ်တဲ့ unit က Physic လေ လုံးဝမရဘူးထင်ခဲ့တာ ၅၆ မှတ်နဲ့ကပ်အောင်တယ် အောင်မလေး ကံကောင်းတာပဲ။ ဒီနေ့ ကံကောင်းတယ်ဆိုတဲ့ အကြောင်းအရာလေးက တော့ ဒါပါပဲ။ ကိုယ့်အတွက်တော့ အရမ်းကိုမျှော်မှန်းထားတဲ့အရာတွေ အောင်မြင်တော့ တော်တော်လေး ပျော်မိတယ်… အလုပ်တွေအများကြီးလုပ်ချင်ပြီး ပိုက်ဆံစုနေတဲ့အကြောင်းက ဟိဟိ နောက်မှပဲပြောပြတော့မယ်… Good Night >_<

Sunday, 13 November 2011

First Exam

ဒီနေ့ ပထမဆုံး ဘာသာ စဖြေရပါတယ်....ဒီနိုင်ငံက စာမေးပွဲတွေက cheat sheet လို့ခေါ်တဲ့ A4 စာမျက်နှာ ၂ဖက်ပါတဲ့ စာရွက် စာမေးပွဲခန်းထဲကို ယူလို့ရတယ်...မနေ့ညက လက်ရေး သေးသေးလေးတွေနဲ့ စာသေးသေးလေးတွေ အပြည့်ထည့်ယူသွားတာ မဆိုးပါဘူး ဖြေနိုင်ခဲ့ပါတယ်...အောင်ပါစေ အောင်ပါစေ...ဒီဘာသာ အောင်ကိုအောင်ရမယ်

Friday, 11 November 2011

Day Out With My Sister


ဒီနေ့တော့ Rockingham Beach ကိုသွားလည်ကြပါတယ်။ မနက် အိပ်ယာကနိုးကတည်းက ဘာမှမလုပ်ချင်တာနဲ့ပဲ ကွန်ပျူတာကို ထိုင်သုံးနေတုန်း ရေခဲမုန့်စားချင်တာနဲ့ မေမေနဲ့ ညီအစ်မ ၃ယောက် beach မှာ ရေခဲမုန့်သွားဝယ်စားရင်းနဲ့ ဓာတ်ပုံတွေရိုက်ခဲ့တာ။ Fish & Chips ပါ ၀ယ်စားကြတယ်..ကမ်းခြေက မြက်ခင်းတစ်ခုမှာ ထိုင်ပြီး စားမလို့လုပ်နေတုန်း စင်ယော်ငှက် အကောင်၂၀လောက် မုန့်နံ့ရလို့ ၀ိုင်းအုံလာလို့ ထွက်ပြေးခဲ့ရသေးတယ်။

Wednesday, 9 November 2011

My First Blog Post

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ကစပြီး ဘလော့ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မရဲ့ဘလော့လေးမှာ ရေးသားမယ့်အကြောင်းအရာလေးတွေကတော့ ကျွန်မဘ၀ရဲ့အစိတ်အပိုင်းလေးများ၊ တစ်နေ့တာဖြစ်ပျက်နေတဲ့ ကျွန်မဘ၀ရဲ့အကြောင်းအရာလေးများ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ခံစားချက်လေးများ အစရှိသဖြင့် ရေးဖို့စိတ်ကူးထားပါတယ်။ မြန်မာစာစီစာကုံးကောင်းကောင်းမရေးတတ်တော့ စကားပြောသလိုဖြစ်နေရင် ခွင့်လွှတ်ပေးကြပါလို့။
ဒီလ ၁၄ရက်နေ့ စာမေးပွဲရှီတယ် စာလုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် လက်က စာအုပ်ကို ကိုင်ဖို့ တော်တော်လေးကိုခက်ခဲနေပါတယ်။